ဓမ္မလုလင်၏ ရည်ရွယ်ချက်နှင့် စေတနာ
July 22, 2026ယနေ့ခေတ်သည် ရုပ်ဝတ္ထုနှင့် နည်းပညာတို့ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော ကာလတစ်ခုဖြစ်ပြီး လူအများ၏ နေ့စဉ်ဘဝတွင် အင်တာနက်အသုံးပြုချိန်လည်း ပိုမိုများပြားလာနေပါသည်။
အင်တာနက်နှင့် လူမှုကွန်ရက်များမှတစ်ဆင့် စိတ်ပူပန်စရာ၊ ဝမ်းနည်းစရာ၊ အငြင်းပွားစရာနှင့် စိတ်ပင်ပန်းစရာ အကြောင်းအရာများကို မမြင်လိုသော်လည်း မကြာခဏ မြင်တွေ့နေရတတ်ပါသည်။ ထိုအကြောင်းအရာများကို ထပ်ခါတလဲလဲ မြင်တွေ့နေရသောအခါ စိတ်သည် တဖြည်းဖြည်း အကျင့်ဖြစ်လာပြီး မသိမသာ စိတ်ဝင်စားမိခြင်း၊ လိုက်လံကြည့်ရှုမိခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။
ဓမ္မလုလင်သည် လူတိုင်းကို အတင်းအကျပ် ယုံကြည်စေရန်၊ သဘောတူစေရန် သို့မဟုတ် ဘာသာရေးအယူအဆတစ်ခုကို လက်ခံစေရန် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ ဓမ္မကို မလိုလားသူ၊ ဓမ္မအပေါ် စိတ်ဝင်စားမှုမရှိသူများအတွက်လည်း အတင်းအကျပ် တိုက်တွန်းလိုသည့် ဆန္ဒမရှိပါ။
ဓမ္မလုလင်၏ အဓိကရည်ရွယ်ချက်မှာ ကိုယ်စိတ်ကျန်းမာရေး အားနည်းခဲ့ဖူးသူများ၊ စိတ်ဓာတ်ကျဆင်း၍ ဘဝအမှောင်ထုထဲတွင် လမ်းပျောက်ခဲ့ဖူးသူများ၊ မိမိဘဝအတွက် အားထားရာနှင့် လမ်းညွှန်မှုတစ်ခုကို ရှာဖွေနေသူများအား အမှောင်ထုအတွင်းမှ အလင်းတစ်စမျှဖြစ်စေ ထွန်းလင်းပေးနိုင်ရန် ဖြစ်ပါသည်။
မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ကိုယ်စိတ်ဆင်းရဲမှုများ၊ အခက်အခဲများနှင့် ဓမ္မမှတစ်ဆင့် ရရှိခဲ့သော စိတ်အေးချမ်းမှု၊ အားအင်နှင့် နားလည်သဘောပေါက်မှုတို့ကို အခြားဘဝတူများနှင့် မျှဝေပေးလိုသည့် စေတနာဖြင့် ဓမ္မအကြောင်းအရာများကို တစ်စိုက်မတ်မတ် ဦးစားပေးတင်ဆက်လျက်ရှိပါသည်။
ထို့အပြင် လောကနှင့်ဘဝ၏ သစ္စာအမှန်တရားကို အလေးအနက်ရှာဖွေနေကြသော လူငယ်၊ လူကြီးမရွေး တရားရှာဖွေသူများအတွက်လည်း ဤနေရာကို ရည်ရွယ်ထားပါသည်။ ဤဝဘ်ဆိုက်တွင် မျှဝေတင်ဆက်ထားသည့် ဓမ္မအကြောင်းအရာများမှ အသိတစ်ချက်၊ သတိတစ်ချက်၊ စိတ်အေးချမ်းမှုတစ်စ သို့မဟုတ် ဘဝကို ကောင်းမွန်စွာ ပြန်လည်ရပ်တည်နိုင်မည့် ခွန်အားတစ်စုံတစ်ရာ ရရှိသွားပါက ဓမ္မလုလင်၏ အားထုတ်မှုသည် အဓိပ္ပာယ်ပြည့်ဝပြီး ဖြစ်ပါသည်။
တရားကို ရှာဖွေနေချိန်တွင် ဤအကြောင်းအရာများနှင့် ဆုံတွေ့လာသူများအတွက် ရေဆာနေချိန် ရေကြည်တစ်ပေါက် သောက်သုံးရသကဲ့သို့ စိတ်အေးချမ်းမှုနှင့် အကျိုးတစ်စုံတစ်ရာ ရရှိစေရန် ဓမ္မလုလင်က ရိုးသားသော စေတနာဖြင့် ဆုတောင်းမေတ္တာပို့သပါသည်။
ဓမ္မလုလင်သည် မိမိစွမ်းနိုင်သမျှသော နည်းလမ်းများဖြင့် သာသနာ့အကျိုးကို သယ်ပိုးရွက်ဆောင်ရန်၊ မှန်ကန်သော ဓမ္မအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် ကိုယ်စိတ်ဆင်းရဲနေသူများအတွက် အားထားရာတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပါသည်။
ဤရည်ရွယ်ချက်နှင့် စေတနာတို့သည် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သာသနာနှင့် အများအကျိုးအတွက် စစ်မှန်ရိုးသားစွာ အားထုတ်နေခြင်းဖြစ်ကြောင်း မိမိရရှိထားသော သစ္စာတရားကို ဗဟိုပြု၍ လောကကို စောင့်ရှောက်တော်မူကြသော သမ္မာဒေဝနတ်မြတ်နတ်ကောင်းတို့အား သက်သေပြု တိုင်တည်အပ်ပါသည်။
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။
သာသနာ့အကျိုးဆောင်
ဓမ္မလုလင်